ကျောက်ဆည်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာစိုက်ထူ

ကျောက်ဆည်   မေ  ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် အစိုးရအခြေခံပညာကျောင်းပေါင်း(၆၀၄)ကျောင်းရှိပြီး ခရိုင်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအတွက် ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများသိရှိစေရန်အတွက် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို အေးမြကြည်လင်ရပ်ကွက်၊ မြို့ပတ်လမ်းဘေး၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူပေးခဲ့ကြောင်း သိရှိရသည်။

မြေစိုက်ပိုစတာစိုက်ထူပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်မင်းစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ဥမ္မာကြည်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်ပတ် အဖြစ် မေ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိသတ်မှတ်ထားပြီး ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအားလုံးကို အတန်းစဉ်အလိုက် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ/ဘောပင်များအခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များ ပါဝင်ပြီး ကျောက်ဆည် မြို့နယ်တွင် မူလတန်း(၁၃၀)ကျောင်း၊ အလယ်တန်း(၃၆)ကျောင်း၊ အထက်တန်း(၂၀) ကျောင်း၊  စဉ်ကိုင် မြို့နယ်တွင် မူလတန်း(၈၀)ကျောင်း၊ အလယ်တန်း(၁၇)ကျောင်း၊ အထက်တန်း(၁၆) ကျောင်း၊ မြစ်သားမြို့နယ်တွင် မူလတန်း(၁၃၆)ကျောင်း၊ အလယ်တန်း(၃၀)ကျောင်း၊ အထက်တန်း(၁၇)ကျောင်း၊ တံတားဦးမြို့နယ်တွင် မူလတန်း(၆၉) ကျောင်း၊ အလယ်တန်း(၃၆)ကျောင်းနှင့် အထက်တန်း(၁၆)ကျောင်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရပြီး မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ ပိုစတာစိုက်ထူခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၊ စုပေါင်းရုံးကြီးလမ်းနှင့် ပြည်သူ့ဆေးရုံကြီးလမ်းဆုံတွင် စိုက်ထူးခဲ့ကြောင်း သိရှိရသည်။

သက်မောင်