မလှိုင် မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲနှင့် ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
ရှေးဦးစွာ မင်္ဂလာအချိန်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာဆိုင်းဘုတ်ကို စိုက်ထူခဲ့ပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲမြင့်တို့က ဖဲကြိုးဆွဲဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးကို ကျောင်းမဖွင့်မီ ဆောင်ရွက်သွားကြရန် ဌာနဆိုင်ရာများနှင့်ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။
မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး မေလ(၂၆)ရက်နေ့မှဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ကာလအဖြစ် သတ်မှတ်ကာ ကျောင်းသား/သူများကို စတင်လက်ခံသွားမည်ဖြစ်ပြီး အခြေခံပညာမူလတန်းအဆင့် (Grade-5)ထိကို ကျောင်းသုံးစာရေးကိရိယာပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)