တကောင်း မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ လူငယ်များအား စာအုပ်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုစိတ်များ မြှင့်မားလာစေရန်၊ စာကြည့် တိုက်နှင့် ရင်နှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီက ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်၊ စာစောင်ပြပွဲတွင် ပြည်သူ့စာကြည့်တိုက်ရှိ ကျောင်းသား၊ လူငယ်ကြိုက်နှစ်သက်စေမည့် ဗဟုသုတရဖွယ်စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ကဗျာစာအုပ်များ၊ ရုပ်ပြစာအုပ်များနှင့် ကလေးစာပေများစသည့် စိတ်ဝင်စာဖွယ်သုတ/ ရသစာအုပ်များကို ခင်းကျင်ပြသထားလျှက်ရှိရာ ကျောင်းသားလူငယ်များ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုခဲ့ပြီး စာကြည့်တိုက်အသင်း ဝင်များပြုလုပ်၍ ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အများပြည်သူများအသိပညာဗဟုသုတမြင့်မားလာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများ၊ သင်တန်းများ၊ အသိပညာပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီရိအောင် (တကောင်း)