ပုဇွန်တောင်မြို့နယ်၊ ပညာစီမံခန့်ခွဲမှုကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပုဇွန်တောင် မေ ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး၏ လမ်းညွှန်ချက်ဖြင့်  ပညာစီမံခန့်ခွဲမှု ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက ယင်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းရှိ အင်အားသစ်ခန်းမတွင် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မာမာအေးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ / ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်မှ ယခုကာလတွင် ပညာဖြင့်ဖန်တီးထားသော ပတ်ဝန်းကျင်ကောင်းတစ်ခု လိုအပ်သည့်အတွက် မိဘ၊ ဆရာ၊ ကျောင်းသား ထောက်တိုင်သုံးခုဖြင့် ကောင်းမွန်သောပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရန် အားယူနေကြရကြောင်း၊ အတုမြင်အတတ်သင်စ လူငယ် လူရွယ်များအတွက်ပညာကို အပတ်တကုတ်ကြိုးစားသင်ယူကြရန်မှာ ယနေ့ မိဘ၊ ဆရာများအပေါ်တွင် အဓိကတာ၀န်ရှိနေသလို နိုင်ငံတော်အနေဖြင့်လည်း အေးချမ်းသာယာစွာဖြင့် ပညာသင်ကြားနိုင်ရေး ဥပဒေစည်းမျဉ်း စည်းကမ်းများဖြင့် ထိန်းကွပ်ကြပ်မတ်ရန်လိုအပ်သော ဖြည့်ဆည်းပံ့ပိုးပေးရမည်များကို ကူညီဖြည့်ဆည်းပေးမှာ ဖြစ်ကြောင်း၊ မိဘ၊ ဆရာ၊ ပြည်သူ သုံးဦးသုံးဖလှယ်ကား ပညာပြည့်ဝနှလုံးလှသူများစွာ ပေါ်ထွန်းလာရေးတွင် အဓိကဖန်တီးရှင်များအဖြစ် မှတ်ယူရမည်ဖြစ်သည့်အတွက် ဆရာ၊ ဆရာမများအနေဖြင့် အားထုတ်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ ပညာစီမံခန့်ခွဲမှု ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ / ဆရာမကြီးများ (၁၇) ဦးမှ ပညာ၊ စီမံ၊ ဘဏ္ဍာ၊ သင်ကြား ခေါင်းစဉ်ကြီး (၄) ခုဖြင့် မေလ (၁၉) ရက်နေ့မှ မေလ (၂၀) ရက်နေ့ထိ  နှစ်ရက်တာ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရသည်။

ဟန်စုယဉ်