ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

သန်လျင်   မေ   ၁၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မောင်မယ်သစ်လွင်များအနေဖြင့် အမိတက္ကသိုလ်ကြီးတွင် အေးချမ်းပျော်ရွင်စွာ အဆင့်မြင့် ပညာရပ်များကို ပြီးမြောက်သည်အထိ သင်ယူလေ့ကျင့်သွားကြရန်လိုကြောင်း၊ ခေတ်ပညာတတ် လူငယ်များဖြစ်ကြပြီး နိုင်ငံအကျိုးသယ်ပိုးနိုင်သည့် သားကောင်းသမီးမွန်များ ဖြစ်ကြစေရန် ဆုတောင်းပါကြောင်းဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားသည်၊၊

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဘက်စုံအသုံးပြုနိုင်ရန်အတွက် ငွေကျပ် (၅) သိန်းကို တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးထံ ပေးအပ် လှူဒါန်းသည်။

ထိုနောက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ မော်ကွန်းထိန်းများ စာကြည့်တိုက်မှူးတို့နှင့် မိတ်ဆက်ကြပြီး ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်တို့မှ ပါမောက္ခဌာနမှူးများက ဘာသာရပ်နှင့်ပက်သက်၍လည်းကောင်း၊ သင်တန်းရေးရာဌာနမှူးနှင့် စာကြည့်တိုက်မှူးတို့က အသီးသီးမိတ်ဆက်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးနှင့် ဧည့်သည်တော်များသည် မောင်မယ် သစ်လွင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)