မောက်မယ် မေ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် Grade-8(သင်ရိုးသစ်)သင်တန်းကို ယမန်နေ့ညနေ၄နာရီက သင်တန်းဆင်းပွဲအခမ်းအနားအား အခြေခံပညာအထက်တန်း ကျောင်း၊ နှင်းဆီဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က အလယ်တန်းအဆင့် Grade-8(သင်ရိုးသစ်) သင်တန်းကျင်းပရခြင်းနှင့်ပတ်သက်ပြီး သင်တန်းတွင်တက်ရောက်သည့်ဆရာ/ ဆရာမများ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားပို့ချနိုင်စေရန်၊ သင်ကြားသင်ယူမှုစနစ်သစ်၏ ထိရောက်မှုကိုနားလည်ရန်၊ သင်ရိုးသစ်ကို ကျောင်းသား/ကျောင်းသူများအား ပြန်လည်သင်ကြားပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင် စေရန်ရည်ရွယ်ကြောင်းအမှာစကားပြောကြားပြီး အဆိုပါသင်တန်းကို မေလ(၁၆)ရက်နေ့မှစ၍ မေလ (၁၈)ရက်နေ့အထိ(၃)ရက်ကြာဖွင့်လှစ်ခဲ့ပြီး ၂၀၂၂-၂၀၂၃ပညာသင်နှစ် Grade-8 (သင်ရိုးသစ်)၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ(ဘူမိ၊ ရှုပ၊ ဓါတု၊ ဇီဝ)၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယ ပညာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် နည်းပြဆရာ/ ဆရာမများ(၇)ဦးဖြင့် သင်ကြားပို့ချပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းနေအောင်နှင့် လက်ထောက် မြို့နယ်ပညာရေးမှူး ဦးစိုင်းလှမင်းတို့က အနီးကပ်ကြီးကြပ်ကာသင်တန်းသား/သူ ဆရာ/ဆရာမ များ(၃၃)ဦးက သင်တန်းပြီးဆုံးသည်အထိတက်ရောက်ခဲ့ပြီး နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသီးချင်းကို အားလုံးသီဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)