တာမွေ မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများအနေဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန်အတွက် ရည်ရွယ်ပြီး တာမွေမြို့နယ်ပညာရေးမှူးရုံး၏ စီစဉ်မှုဖြင့် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက် (၁၆၄)လမ်းရှိ မြို့နယ်ပညာရေးမှူးရုံး၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချ ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ခင်စမ်းရီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများစသည်တို့နှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများက ၂၀၂၂ ခုနှစ် မေ(၁၉)ရက်နေ့မှ မေ(၂၀)ရက်နေ့အထိ အသေးစိတ်ရှင်းလင်းဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါပညာရေးဆိုင်ရာစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ပြီး မြို့နယ်ပညာရေးဌာနက စီစဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)