မြစ်ကြီးနားမြို့၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် ပလပ်စတစ်အိတ်လျော့ချရေး "သန့်ရှင်းမြန်မာ" ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

ပူတာအို မေ ၁၉

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် SEQUA SWITCH ASIA တို့ ပူးပေါင်းမှုဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဈေးသူ ဈေးသားများ အငယ်စား၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များကို သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့် ပလပ်စတစ်အိတ်လျော့ချရေး"သန့်ရှင်းမြန်မာ" ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို မေလနောက်ဆုံးအပတ်တွင် မြစ်ကြီးနားမြို့ အေးမြသာယာ အဆင့်မြင့်ဈေး၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ရာသီဥတုထိခိုက်နိုင်သည့် ပတ်၀န်းကျင်ညစ်ညမ်းမှုများကြောင့် ကြုံတွေ့လာနိုင်သော ဆိုးကျိုးများ၊ နောက်ဆက်တွဲ ကပ်ရောဂါများနှင့် အမှိုက်အမျိုးအစား၊ အမှိုက်များသန့်စင် ပြုပြင်ပြန်လည် အသုံးပြုနိုင်ခြင်းနှင့် ပလပ်စတစ်အိတ် လျော့ချရေးတို့ကို ဆွေးနွေးသွားမည့်အပြင် Prevent Plastics Myanmar မှ လုပ်ငန်းရှင်များကို ငွေကြေး၊ နည်းပညာ အထောက်အပံ့များ ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းရှိ ဈေးသူ ဈေးသားများ အငယ်စား၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များတည်ရှိရာ လုပ်ငန်းခွင်များတွင် သန့်ရှင်းသပ်ရပ်သော အမှိုက်စွန့်ပစ်ရေးစနစ်၊ သဘာ၀နှင့်သဟဇာတဖြစ်သော ထုပ်ပိုးမှုစနစ်၊ ပလပ်စတစ် အစားထိုးအိတ်များ အသုံးပြုနိုင်ရေး ပလပ်စတစ်အိတ် သုံးစွဲမှုလျော့ချရေးအတွက် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

SEQUA SWITCH ASIA သည် ပလပ်စတစ်အိတ်လျော့ချရေး(Prevent Plastics)ကို ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့ပေးသော စိမံကိန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘဏ်များအသင်း MBA တို့နှင့် ပလပ်စတစ်လျော့ချရေးကို အတူတကွ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲကို ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အေးမြသာယာဈေးတွင် ရက်ကြာဆွေးနွေးသွားမည်ဖြစ်ပြီး သန့်ရှင်းသာယာလှပသော သဘာ၀ပတ်၀န်းကျင်ကို ချစ်မြတ်နိုးသည့် ကချင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များ မည်သူမဆို အလုပ်ရုံဆွေးနွေးပွဲသို့ အခမဲ့ တက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)