ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ မေ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့က  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လှိုင်လှိုင်ငြိမ်းမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျိုင်းတုံခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊  ရည်မှန်းချက်တာဝန်များအကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ မီးလောင်းမှုများကြုံတွေ့လာပါက အရေးပေါ် မီးငြိမ်းသတ်ရမည့်နည်းလမ်းများ၊  မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဥ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင်ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိန်သန်း (ပြန်/ဆက်)