မိုးမိတ်မြို့နယ်တွင်  Community Centre တွင်  ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်

မိုးမိတ် မေ ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ အရေးပေါ်အသက်ကယ်ရန် အခြေအနေကျရောက်လာပါက ရှေးဦးသူနာပြုစုနည်းများကို တတ်သိနားလည်စေရန်အတွက် အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လည် ၃ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းမှ ဒုတပ်ခွဲမှူး တင်မိုးဦးက ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာပုံနှင့် ကြက်ခြေနီအသင်း၏ ဆောင်ရွက်သည့်မူ(၇)ချက်၊ အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ် စုစုပေါင်း (၂၅)ဦးတက်ရောက်ပြီး အခြေခံရှေးဦးသူနာပြုစုခြင်းဆိုင်ရာပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)