ဘားအံ မေ ၁၈
မွန်တိုင်းရင်းသားတို့၏ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်တံ့ခိုင်မြဲရေးကို ရှေ့ရှု၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားဘာသာပြ (TA/LT)ဆရာ၊ ဆရာမများအားလုံး ရာနှုန်းပြည့် ပြန်လည်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဖဲကတာကျေးရွာ၊ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် မွနတိုင်းရင်းသား(TA/LT)ဆရာ၊ဆရာမများ၏ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲမှ သိရသည်။
သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသော ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဖဲကတာကျေးရွာ၊ ညောင်ဝိုင်းဘုန်းတော်ကြီး ကျောင်း၊ တိုက်အုပ်ဆရာတော် ဥူးခေမာအား ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေ များ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သင်တန်းဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုင်းရင်းသားတို့၏ စာပေ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ် အလာများနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်ပိုမိုဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်ဘဏ္ဍာငွေများကို တိုးမြှင့်လျာထားပြီး ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ကဏ္ဍပေါင်းစုံကို ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးအောင်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တာဝန်မှကင်းကွာခဲ့ကြသော ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများကို နိုင်ငံတော်အစိုးရမှ ပြန်လည်ဖိတ်ခေါ်ထားပါကြောင်း၊ အမှား၊ အမှန်ကိုခွဲခြားသိမြင်ပြီး စည်းကမ်းရှိရှိ တာဝန်သိသိဖြင့် ရာနှုန်းပြည့်ပြန်လည် တာဝန်ထမ်းဆောင်ကြမည့် မွန်တိုင်ရင်းသားဘာသာပြ(TA/LA)ဆရာ၊ဆရာမများကို အထူးကျေးဇူးတင်ဂုဏ်ယူမိပါ ကြောင်းနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းပြန်တက်နိုင်ရေး ဆော်ဩပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း(ကရင်ပြည်နယ်)ဥက္ကဋ္ဌက သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က စွမ်းရည်မြင့်သင်တန်းများအတွက် ငွေကျပ် ၁၀၀၀၀၀၀၀(သိန်းတစ်ရာ)ကို ထောက်ပံ့ပေးအပ်ကာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မွန်တိုင်းရင်းသား(TA/LA)ဆရာ၊ဆရာမများ၏စွမ်းရည်မြှင့်သင်တန်းများကို ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင်လည်းဖွင့်လှစ်လျက်ရှိပြီး ဆရာ၊ ဆရာမစုစုပေါင်း ၁၆၀ ဦး တက်ရောက်လျက်ရှိကာ မေလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)