ဒဂုံမြောက် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ဆုံဆို့ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာရပ်ကွက်များတွင် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍ အမှတ်(၅၁)ရပ်ကွက်ဓမ္မာရုံတွင် ဆုံဆို့ရောဂါ(DT)ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုံဆို့ရောဂါသည် လူစုလူဝေးဖြင့်နေသော နေရာများတွင် အစုလိုက်အပြုံလိုက် ဖြစ်ပွားတတ်သော ရောဂါဖြစ်ပြီး မြို့နယ်အတွင်းရှိ (၄၈)ရပ်ကွက်၊ (၅၁)ရပ်ကွက်၊ (၄၆)ရပ်ကွက်များအတွင်းရှိ လူဦးရေသိပ်သည်းစွာ နေထိုင်သော နေရာ(၅) ခုတွင် ရွေးချယ် ထိုးနှံပေးခြင်းဖြစ်သည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အနေဖြင့် ဆုံဆို့ရောဂါ(DT)ကာကွယ်ဆေး အလုံးရေ(၅၀၀)ရရှိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ အဆိုပါ ကာကွယ်ဆေးကို မြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်များတွင် မေ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပေးမှုများကို ရပ်ကွက်တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြင့်မြင့်ရီ