မြဝတီ မေ ၁၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင် လူငယ်၊ လူရွယ်များစုပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမောင်မြင့်ကြွယ်ရေးသားသည့် “အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား” သုတစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာမတင်အုန်းရှင်က “အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား” စာအုပ်မှ “အကျင့်စာရိတ္တကောင်းမွန်မှု” ခေါင်းစဉ်ဖြင့် လူတစ်ဦး၊တစ်ယောက် အကျင့်စာရိတ္တ ကောင်းမွန်မှုသည် လွန်စွာအရေးကြီးပေသည်၊ အကျင့်စာရိတ္တဟုဆိုရာဝယ် မည်မျှ ပင်တော်သည်၊ ထက်မြက်သည်ပင်ဖြစ်လင့်ကစား အကျင့်စာရိတ္တမကောင်းသူသည် အချည်းနှီးပင် ဖြစ်ပေမည်။ ထို့ကြောင့် လူတိုင်းနှင့်ပြောဆိုဆက်ဆံခြင်း ခိုင်မြဲစေရန် မိမိကိုယ်တိုင် ရိုးသားဖြောင့်မတ်သော စိတ်ဓာတ်ပြည့်စုံရမည်နှင့်“ ကိုယ်တိုင်စည်းကမ်းရှိမှု” ခေါင်းစဉ်မှ လူတိုင်းငယ်ရွယ်စဉ်မှစ၍ စည်းကမ်းတကျ ပြောဆို၊နေထိုင်မှုသည် ဘဝရည်မှန်းချက်ပန်းတိုင်လျှောက်လှမ်းရာတွင် အောင်မြင်မှုမလွဲ မသွေ ရရှိမည်ဖြစ်ပေသည်ဟုဦးဆောင်ဆွေးနွေးပေးပြီး စာပေဝါသနာရှင် ဒေါ်ဇာဖြူဝင်းက ဆွေးနွေးပေးသည့် ခေါင်းစဉ်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပေးသည်။
ထို့နောက် တက်ရောက်သည့် စာပေဝါသနာရှင်များကဖတ်ရှုခဲ့သည့် ခေါင်းစဉ်များအပေါ် ထင်မြင်ချက်များ၊ သုံးသပ်ချက်အမြင်များဖြင့် အကြုံပြုဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)