တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ

တိုက်ကြီး မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် သဲဖြူကျေးရွာအုပ်စု ချောင်းစုကျေးရွာတွင်  ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ  အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား  ဦးစားပေးအစီအစဉ်အလိုက်  ဒုတိယအကြိမ်အဖြစ်  ပြည်သူ ၂၃၀ ဉီး တို့အား တာဝန်ရှိသူများက ကာကွယ်ဆေးများထိုးနှံပေးသည်။

တိုက်ကြီးမြို့နယ် သဲဖြူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာမှ ကျေးရွာနေ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများကလည်း ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စန်းကလျာခိုင်