လှိုင်းဘွဲ မေ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး၍ Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခြင်းကို မေလ (၁၇) ရက်နေ့အထိ လူဦးရေ (၄၂၀၀) ဦး ထိုးနှံပြီးစီးခဲ့ပြီး ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ကပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ၊ ထီလုံတိုက်နယ်ဆေးရုံ၊ ပိုင်ကျုံမြို့နှင့်ရှမ်းရွာသစ်တိုက်နယ်ဆေးရုံတို့တွင် ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီး၍ Booster Dose အပိုထပ်ဆောင်းအနေဖြင့် ကျန်းမာရေးဝန်ထမ်း (၂၅) ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၁၄) ဦး၊ ပညာရေးဝန်ထမ်း (၃၀၄) ဦး၊ နိုင်ငံ့ဝန်ထမ်း (၂၆၅) ဦးနှင့် ပြည်သူများ (၃၄၉၂) ဦး စုစုပေါင်း (၄၂၀၀) ဦး ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရှိရသည်။
စောဒိ(ပြန်/ဆက်)