စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်  မေ  ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre တွင် ယနေ့နံနက်(၁၀:၀၀)က မြို့နယ်အတွင်းရှိ  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာမြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အေးအေးစိုးမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စာကြည့်တိုက်ကော်မတီဝင်များက ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ စာကြည့်တိုက်အား ပြည်သူများ ပိုမိုစိတ်ဝင်စားလာပြီး စာဖတ်သူတိုးပွားလာစေရန် စီစဉ်ဆောင်ရွက်မှုများနှင့် စာကြည့်တိုက်များတွင် လိုအပ်သော စာအုပ်၊ စာစောင် ပရိဘာဂများကို ဖြည့်ဆည်းဆောင်ရွက်ရန် လျာထားချက်များကို ဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက တိုင်း​ဒေသကြီးအစိုးရမှ ရရှိထားသော စာအုပ်များအား စနစ်တကျ စာရင်းသွင်း မှတ်တမ်းထားရှိ၍ စာဖတ်စာငှားများအား စနစ်တကျ ငှားရမ်း‌ပေးသွားရန်နှင့်​ ပျောက်ဆုံးမှုမရှိ​ရေးဂရုပြု ရန်လိုအပ်ကြောင်း၊ ဌာနမှလည်း မြို့နယ် စာကြည့်တိုက်များ လှုပ်ရှားရှင်သန်အောင် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးကို မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်(၂)တိုက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်​ရေးအတွက် လိုအပ်သည်များကို အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)