မိုးနဲမြို့နယ် နတ်ရေကန်(နောင်လုံ) ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး ပွဲကျင်းပ

မိုးနဲ မေ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်  လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယ ဘုန်းတော်ကြီးကျောင်းတွင် နတ်ရေကန်(နောင်လုံ) ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင် ရန်နှင့် ကော်မတီတစ်ရပ်ဖွဲ့စည်းနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ် ဩဝါဒါစရိယဆရာတော်နှင့် မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်တို့မှ ဩဝါဒကထာ မြွတ်ကြားပေးခဲ့ကြသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်စည်ပင်သာယာရေးဋ္ဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းတို့က နတ်ရေကန် ရေထွက် ရေရှည်အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည့်အခြေအနေများကိုအသီးသီး လျှောက်ထားခဲ့ကြသည်။

ထို့နောက် တတ်သိပညာရှင်များမှ အထွေထွေဆွေးနွေးခဲ့ကြပြီး ဆွေး‌နွေးချက်များအပေါ် ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး သံဃာတော်များအား ပြန်လည်ကန်တော့၍ ဗုဒ္ဓသာသနံ စိရံတိဠတု (၃) ကြိမ်ရွတ်ဆိုဆုတောင်းပြီး အစည်းအဝေးရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက်  မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများက နတ်ရေကန်‌ရေထွက်သို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။

ဇင်ကိုကို (ပြန်/ဆက်)