နောင်တရား မေ ၁၈
ရှမ်းပြည်နယ်တောင်းပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသထွက် လက်ဖက်ခြောက်များ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းကျဆင်းခြင်းကြောင့် လက်ဖက်စိုက်တောင်သူများ အခက်တွေ့လျက်ရှိကြောင်း လက်ဖက်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
“ရွှေဖီမိုးလွတ်လက်ဖက်ခြောက်တစ်ပိဿာကို အမြင့်ဆုံး ၅၂၀၀ကျပ်၊ အနိမ့်ဆုံး ၄၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ် အကြမ်းခြောက်ကတော့ တစ်ပိဿာ ၂၁၀၀ကျပ် အရောင်းအဝယ်ဖြစ်ပါတယ် ယခုနှစ်ရွှေဖီလက်ဖက်ခြောက်ထွက်စမှ ယခုထိ အရောင်းအဝယ်အေးနေတယ်” ဟုနောင်တရားမြို့ လက်ဖက်ခြောက်ရောင်းဝယ်နေသည့် ပွဲစားတစ်ဦးကပြောသည်။ “ဘယ်ကုန်ပစ္စည်းမဆို ဈေးနှုန်းမြင့်မားနေပြီး လက်ဖက်ခြောက်တစ်ပိဿက ယခုပေါက်ဈေး ကျပ် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ကြားဘဲဈေးရလို့ မကိုက်တော့ဘူး စိုက်ပျိုးရေးစရိတ် ကုန်ကျမှုမရှိဘူးဆိုပေမဲ့ လက်ဖက်ခူးတဲ့ ကုန်ကျစရိတ်များတယ် လက်ဖက်ခူးခ တစ်ပိဿာကို ကျပ် ၆၀၀ ပေးရတယ်၊ နေ့စားနဲ့ဆို ကျပ် ၅၀၀၀ ပေးရတယ် တစ်ရက်လုံးခူးမှလူတစ်ဦးကို လက်ဖက်ပိဿာ ၇ ပိဿာဘဲရတယ် ဈေးမကောင်းတော့ မခူးကြတော့ဘူး” ဟု ထီရီးကျေးရွာမှ လက်ဖက်စိုက်တောင်သူ တစ်ဦးကပြောသည်။
လက်ဖက်ရွက်အစို ၄ ပိဿာလျှင် လက်ဖက်ခြောက် တစ်ပိဿာထွက်ရှိပြီး ယခုနှစ်တွင် လက်ဖက်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် တစ်ပိဿာအမြင့်ဆုံး ၅၂၀၀ ကျပ် ရောင်းခဲ့သော်လည်း ယခုအခါအရောင်းအဝယ်အေးနေပြီး လက်ဖက်ခြောက်တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ ကျပ်အထိသာ ပေါက်ဈေးရှိသည်။ အဆိုပါဈေးနှုန်းမှာ လုပ်အားခ၊ သယ်ယူစရိတ် မြင့်မားခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်မားလာသည့်အတွက် လက်ဖက်စိုက်တောင်သူများ အကျိုးအမြတ်မရှိသည့်အတွက် အခက်တွေ့နေလျက်ရှိသည်။ နောင်တရားမြို့၌တည်ရှိသည့် လက်ဖက်အချိုခြောက် စက်ရုံမှ လက်ဖက်အဆိုများကို ရွှေဖီချိန်တွင် လက်ဖက်အဆိုတစ်ပိဿာကို ၁၀၀၀ကျပ်ဖြင့် ဝယ်ယူလျက်ရှိပြီး ယခုအခါ ၈၀၀ကျပ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)