သာစည်မြို့၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်

သာစည် မေ ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို မေ ၁၈ ရက် နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းက ကျောင်း သား/သူများ ရှေးဦးပြုစုခြင်းအတတ်ပညာဖြင့် သူတပါးအား ထိရောက်စွာပြုစုကူညီနိုင်စေရန်နှင့် ပရဟိတအကျိုးဆောင်ရွက်လိုစိတ်များ ဖြစ်တည်လာစေရန်စသည်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်သင်တန်းချိနများကိုရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ဖွဲ့မှူးဒေါ်ဝင်းဝင်းလွင်က ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းနှင့်သဘောတရားများစသည်ဖြင့် သင်တန်းတွင်ပို့ချပေးသွားမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

 အဆိုပါသင်တန်းတွင် သင်တန်းသားအဖြစ် သာစည်မြို့အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား/သူ ၂၄ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို နေ့စဉ် နံနက် ၈ နာရီမှ  နေ့လယ် ၁၂ နာရီအထိ သုံးရက်ကြာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြ လေးဦးတို့က စာတွေ့လက်တွေ့ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                                                              

မြို့နယ် (ပြန်/ဆက်)