ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ချမ်းအေးသာစံ မေ ၁၇

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၁ နာရီက စာရေးဆရာ ရေချမ်း (မန်း) ၏ “အနာဂတ်ရဲ့ပန်းကလေးများဆီသို့နှင့် အခြားဆောင်းပါးများ” စာအုပ်မှ “ပန်းပျိုးလက်များသို့” ဆောင်းပါးအား စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်များ စာပေပိုမိုဖတ်ရှုရေး၊ စာဖတ်ခြင်းဖြင့် အသိပညာပိုမို ရင့်သန်စေပြီး အနာဂတ်လူ့အဖွဲ့အစည်းအတွက် အကျိုးရှိသောလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စာဖတ်ဝိုင်းကျင်းပခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဦးမောင်မောင်က ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဖတ်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ဆောင်းပါးပါအကြောင်းအရာများ၊ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စာရေးဆရာရေချမ်း (မန်း) က မေးမြန်းချက်များကို ပြန်လည် ဖြေကြားဆွေးနွေးခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ၊ စာရေးဆရာရေချမ်း (မန်း) နှင့် စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း၊ “အနာဂတ်ရဲ့ ပန်းကလေးများဆီသို့နှင့် အခြားဆောင်းပါးများ “စာအုပ်တွင် လူငယ်များလိမ်မာယဉ်ကျေးစေရန်၊ အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်ခြင်း၏တန်ဖိုး၊ မြန်မာ့သူရဲကောင်းများအကြောင်း၊ မိဘကျေးဇူး၊ သတင်းစာ၏တန်ဖိုး စသည့်အကြောင်းအရာများပါရှိသည့် ဆောင်းပါး ၂၁ ပုဒ်ပါရှိကြောင်း သိရသည်။

ထိပ်ထားနိုင်