ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster (AstraZeneca)အား ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

ရန်ကင်း မေ ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး Booster( AstraZeneca) ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀ နာရီအချိန်က ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းသာသနာ့ဗိမာန်တော်ကြီးတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် Sinopharm ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆) လပြည့်ပြီးသူများအား Booster (AstraZeneca)ကာကွယ်ဆေးကို ရာနှုန်းပြည့်ဆက်လက်ထိုးနှံ ပြီးစီးရေးအတွက် မြို့ပေါ်ရပ်ကွက်များအထိ စုရပ်များတွင် လိုက်လံထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက် ဦးတည်အုပ်စုများအလိုက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)