သန်လျင် မေ ၁၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသည့် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုက ရပ်ကွက်ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များလှူဒါန်းရသည့်ရည်ရွယ်ချက်နှင့် အဆိုပါစာအုပ်စာစောင်များအား စနစ်တကျစာရင်းရေးသွင်း၍ ပြည်သူများသို့ငှားရမ်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် စာအုပ်စာစောင်များလှူဒါန်းပွဲကျင်းပရာ သန်လျင်မြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ်ပြန်ဆက်ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက ဗိုလ်ချုပ်ကျေးရွာရှိ ဓမ္မရသစာကြည့်တိုက်၊ ကွမ်းခြံကုန်းကျေးရွာရှိ ပညာရင်ခွင်စာကြည့်တိုက်နှင့် အမှုထမ်းရပ်ကွက်အတွင်းရှိ ကြေးမုံပြင်စာကြည့်တိုက်များသို့ သုတရသစာအုပ်စာစောင်(၂၇၃)အုပ်စီကို သက်ဆိုင်ရာစာကြည့်တိုက်ကော်မတီများထံ ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့သည်။
ယနေ့လှူဒါန်းပွဲတွင် ကွမ်းခြံကုန်းကျေးရွာ ပညာရင်ခွင်စာကြည့်တိုက်မှ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာစာကြည့်တိုက် (၄၃)တိုက်သို့ သုတရသစာအုပ်များကို စာကြည့်တိုက်တာဝန်ခံဆရာတော်က ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ စာကြည့်တိုက်တာဝန်ခံများက လက်ခံရယူကြသည်။ ယင်းနောက် ဗိုလ်ချုပ်ကျေးရွာဓမ္မရသစာကြည့်တိုက်၊ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဥမ္မာသန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)