တံတား မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူငယ်များ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးရာမှ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍(Youth Club) အဖွဲ့ဝင် ကျောင်းသားလူငယ်များနှင့် ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားသည့် “ပန်းများပွင့်စေမွှေးစေသူ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က “အမြင့်ဆုံးဥယျာဉ်မှူး”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် မြန်မာမှုနယ်ပယ်တွင် ငယ်သောကလေးများကို ပန်းနှင့်နှိုင်းယှဉ်တင်စားကြကြောင်း၊ ဆရာသည် ပန်းလိုနုနယ်သော ကလေးများကို အနာဂတ်ကာလတွင် လူ့ဘောင်ကို တိုးတက်အောင် ဆောင်ရွက်နိုင်ရန် အသိပညာ၊ အတတ်ပညာများကို သင်ပေးရုံသာမက အတွေးအမြင် လှပအောင်၊ အကောင်းအဆိုး၊ အမှားအမှန် ခွဲခြားဝေဖန်တတ်အောင်၊ စေတနာကောင်းမြတ် မှန်ကန်အောင် ဆုံးမသွန်သင်၍ လောကအလယ်တွင် လန်းလန်းစွင့်စွင့် တင့်တင့်တယ်တယ် ဖူးပွင့်လာနိုင်အောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မထိခိုက်စေရန် ပြုစုပျိုးထောင်ပေးရသောကြောင့် ဆရာများကို အမြင့်ဆုံးဥယျာဉ်မှူးအဖြစ် ဂုဏ်ယူနှိုင်းယှဉ်ခဲ့ကြောင်း ဆွေးနွေးခဲ့ပြီးနောက်( Youth Club ) အဖွဲ့ဝင် မောင်ခန့်စည်သူဝင်းမှ “ဆရာနှင့်အရိပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင်မဖြိုးဇင်မီကျော်မှ “ဆရာနှင့်သိပ္ပမချန်”ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေဝါသနာရှင် ကျောင်းသားလူငယ်များမှလည်း အပြန်အလှန် ဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
မိုးဖြူလွင်