အင်းစိန် မေ ၁၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထားသော စာအုပ်စာစောင်များအား သက်ဆိုင်ရာ ရပ်ကွက် စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အခမ်အနားတွင်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်တို့က အမှာစကားများ ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းစာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် ခရိုင်တာဝန်ခံ ဦးဘိုကြည်က စာအုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အင်းစိန်မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ကရပ်ကွက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်စာကြည့်တိုက်မှူးများကိုယ်စား မြို့သစ်(ဂ)ရပ်ကွက် အမြင်သစ် စာကြည့်တိုက်မှူး ဦးရဲမင်းဇော်က မိမိတို့ စာကြည့်တိုက်တွင် သုတ/ရသစာပေများကို လူကြီး/ လူငယ်မရွေးလာရောက်ဖတ်ရှုနိုင်ကြောင်း ယခုလိုစာအုပ်များ လက်ခံရရှိသည့်အတွက်လည်း အထူပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ရပ်ကွက်စာကြည့်တိုက်(၁၂)တိုက်သို့ လှူဒါန်းသည့် စာအုပ်(၂၂၀၀)အုပ်နှင့် စာရေးဆရာမ တက္ကသိုလ် မြမဥ္ဇူမှလှူဒါန်းထားသော စာအုပ်(၆၀)အုပ်တို့အား စာကြည့်တိုက်အသီးသီရှိ တာဝန်ရှိသူများထံသို့ ထပ်ဆင့်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စာအုပ်လှူဒါန်းပွဲသို့ ရန်ကုန်တိုင်း စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်၊ ခရိုင်တာဝန်ခံဦးဘိုကြည်၊ အင်းစိန်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ခင်နှင်းကြည်(အင်းစိန်)