လှိုင်းဘွဲ မေ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီစိုက်ပျိုးနိုင်ရန်နှင့်လိုအပ်သော စိုက်ပျိုးစရိတ်များကို အဆင်ပြေစေရန်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးခဲ့သည်။
အဆိုပါထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ခင်အေးလှိုင်က တောင်သူများမိုးစပါးစိုက်ပျိုးရာတွင် အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မိုးစပါးမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဆင်ကူးကျေးရွာမှ တောင်သူ(၁၈)ဦးအား မိုးစပါးတစ်ဧကလျှင် ကျပ်(၁)သိန်းခွဲနှုန်းဖြင့် စုစုပေါင်း မိုးစပါး (၁၆၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း(၂၅၀.၅)ဖြင့် ပထမအကြိမ် ထုတ်ချေပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးကြို၊ မိုး၊ ဆောင်ရာသီအလိုက် သီးနှံများအတွက် တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများကို အဆင်ပြေစေရန်အတွက် နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း စိုက်ပျိုးစရိတ်လိုအပ်သောတောင်သူများအနေဖြင့် ၂၀၂၂ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၆)ရက်နေ့မှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)