ပိုင်ကျုံမြို့၊ ပရဟိတ-မြို့မသာသနာပြုကျောင်းဆရာတော်  ဘဒ္ဒန္တဓမ္မသိရီအား ထပ်ဆင့်ဂုဏ်ပြုပွဲအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ပိုင်ကျုံ မေ ၁၆

ကရင်ပြည်နည်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်သည့် ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ ပရဝုဒ်အတွင်း၌ သဒ္ဓမ္မ‌ဇောတိကဓဇဘွဲ့‌တံဆိပ်တော်ရပိုင် ကျုံမြိုပရဟိတ-မြို့မသာသနာပြုကျောင်း ဆရာတော်ဘဒ္ဒန္တဓမ္မသိရီအား ထပ်ဆင့်ဂုဏ်ပြုပွဲ အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပိုင်ကျုံမြို့၊ ပရဟိတ-မြို့မသာသနာပြုကျောင်းဆရာတော်၊ မြို့အုပ်ချုပ်ရေးမှူး၊ နယ်‌မြေရဲစခန်းမှူးတို့မှ အမှာစကား‌ပြောကြားရာတွင် လူမျိုးဘာသာမ‌ရွေး ခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ အားကစားစိတ်ဓာတ်ဖြင့် ပါ၀င်ယှဉ်ပြိုင်ကစားကြရန်၊ အားကစား‌ယှဉ်ပြိုင်ကစားရာတွင် အနိုင်အရှုံးကိုအဓိကမထားဘဲ သန့်ရှင်းသောယှဉ်ပြိုင်ခြင်းဖြင့်ကစားကြရန်နှင့် စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်ကစားကြရန်စသည့်အချက်များ အသီးသီးအမှာစကား‌ပြောကြား ပြီး အားကစားသမားများ လိုက်နာဆောင်ရွက်ရမည့် ဘောလုံးပြိုင်ပွဲစည်းကမ်းချက်များကို ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဒိုင်ချုပ်ဦးလှသန်းက ရှင်းလင်းပြောကြားပြီးနောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲနေ့တွင် အထက်ပိုင်ကျုံဘောလုံအသင်းနှင့် မိုးနိုင်းဘောလုံးအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ပိုင်ကျုံမြို့ ပရဟိတ-မြို့မသာသနာပြုကျောင်း ဆရာတော်၊ မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အသင်းလိုက်အားကစားသမားများတက်ရောက်ခဲ့ပြီး ဘောလုံးပြိုင်ပွဲတွင် စုစုပေါင်းဘောလုံးအသင်း (၁၃)သင်း လာရောက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း၊ ဗိုလ်လုပွဲကို မေလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ယှည်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)