သာကေတ မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ သံလွင်ခန်းမ၌ ယနေ့နံနက်(၉:၀၀) နာရီတွင် မြို့နယ်အဆင့်(Grade-8) သင်ရိုးသစ်ဆင့်ပွား သင်တန်းအခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်မှ “ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ သင်ကြားမှု၊ သင်ယူမှုအခွင့်အရေးများ ပိုမိုရရှိစေရေး၊ သင်ရိုးသစ်စနစ်ဖြင့် အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့် သားကောင်းရတနာများ မွေးထုတ်ပေးရေး၊ ဆရာ/ဆရာမများအနေဖြင့် နိုင်ငံ့၀န်ထမ်းများဖြစ်သည်နှင့်အညီ မိမိတို့ကျရာကဏ္ဍမှ နိုင်ငံတော် တည်ဆောက်ရေးအတွက် တာ၀န်ကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည်”ဟု အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်ခင်အုန်း၀င်းက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ပြောကြားသည်။
အဆိုပါဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူးနှင့်အဖွဲ့၊ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသားဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်အဆင့် (Grade-8)သင်ရိုးသစ် ဆင့်ပွားသင်တန်းကာလကို မေ(၁၆)ရက်နေ့မှမေ(၁၈)ရက်နေ့အထိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ သင်တန်းသား ဆရာ၊ ဆရာမ(၁၇၄)ဦး တက်ရောက်ကြပြီး နည်းပြအဆင့် ဆရာ၊ ဆရာမ (၇)ဦးတို့က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၀င်၊ သမိုင်း၊စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာဘာသာ ရပ်တို့ကိုနံနက်(၉:၀၀)နာရီမှ ညနေ(၄:၀၀)နာရီ အထိ ဆင့်ပွားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ