၂၀၂၂-၂၀၂၃ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး တိုင်းအဆင့် Grade-11 (သင်ရိုးသစ်) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ မေ ၁၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးတိုင်းအဆင့် Grade-11 (သင်ရိုးသစ်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြား၍ ဦးစန်းအောင်မှ သင်တန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့ကြပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းသင်တန်းတွင် သင်တန်းမှူးအဖြစ် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်ဦးဆောင်၍ နည်းပြ ဆရာ၊ ဆရာမ ၄၀ ဦး၊ ကြီးကြပ် (၁) ဦး၊ သင်တန်းသား ဆရာ၊ ဆရာမ ၃၆၉ ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြများမှ Grade 11 သင်ရိုးဝင် ဘာသာရပ်များအား မေလ ၁၆ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်