မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အဆင့်(Grade-8 သင်ရိုးသစ်)ဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန် မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံအနီးရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ဖွင့်လှစ်သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်(Grade-8သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မင်္ဂလာဒုံမြို့နယ် ပညာရေးမှူး ဒေါ်သန္တာဝင်းက အမှာစကား ပြောကြားခဲ့ပြီး သင်တန်းတွင် ဆင့်ပွားပို့ချပေးမည့် ဆရာ/ဆရာမများနှင့် တွေ့ဆုံ ပေးခဲ့ကာ Grade, 8 သင်ရိုးသစ်၏ အဓိကသွင်ပြင်လက္ခဏာများနှင့် အတွေး အခေါ်များ ၊သင်ရိုးသစ် ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်အသစ်၏ ဖွဲ့စည်းပုံနှင့် အသုံး ပြုပုံများ၊သင်ရိုးသစ်၏ ယေဘုယျအရေးပါသော အချက်များနှင့် ဘာသာရပ် တစ်ခုစီရှိ အရေးပါသောအချက်များနှင့် စာသင်ခန်းတွင်း စစ်ဆေး အကဲဖြတ်ခြင်းကို ယေဘုယျအားဖြင့် မည်ကဲ့သို့ ဆောင်ရွက်ရမည်၊ ဘာသာရပ်တစ်ခုစီ အတွက်မည်ကဲ့သို့ ဆောင်ရွက်ရမည်တို့ကို နားလည်သဘော ပေါက်ရန်အတွက် ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဆရာ(၁)ဦး၊ ဆရာမ (၂၀)ဦးတို့က မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း (၉)ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ (၃) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၉)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(၄)ကျောင်း၊ အခြေခံပညာမူလ တန်းလွန်ကျောင်း (၂)ကျောင်း၊ ဘုန်တော်ကြီးသင် ပညာရေးကျောင်း (၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၀)ကျောင်း တို့မှ သင်တန်းသား/ သင်တန်းသူ ဆရာ (၁၆)ဦး၊ ဆရာမ(၄၇၁)ဦးတို့ကို သင်တန်းခန်း (၁၉)ခန်းခွဲ၍ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ မေလ (၁၆)ရက်နေ့ မေလ(၁၈)ရက်နေ့ထိ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ဆင့်ပွားသင်တန်းကို မြို့နယ်ပညာရေးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ပို့ချမည့် သင်ခန်းစာများကို အခမဲ့ ဖြန့်ဝေကာ ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းအေးက သင်တန်းမှူးအဖြစ် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဆုလှိုင်(မင်္ဂလာဒုံ)