ရှမ်းရွာသစ် မေ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်ရန်၊ သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းကို တောင်သူများ လေ့လာသိရှိသုံးစွဲတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ကွီးလေးကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာရှိ တောင်သူဦးအောင်သန်း၏ လယ်မြေ (၃) ဧကပေါ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုး ထည့်သွင်းခြင်းအတွက် မျိုးစေ့ပက်ခြင်း သရုပ်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးမြင့်မောင်က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကို တစ်ဧက (၄) ပြည်နှုန်း ကြဲပက်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်ရှ်နှင့် သီးနှံများအတွက် အာဟာရဓာတ်များ တိုးတက်မြင့်မားလာစေခြင်း၊ ရေထိန်းအားစွမ်းအား ကောင်းမွန်လာစေခြင်း၊ မြေဆီလွှာလေဝင်လေထွက် ကောင်းမွန်စေခြင်း၊ ရောဂါပိုးမွှားဒဏ် ကာကွယ်ပေးခြင်း၊ ပေါင်းမြက်ပေါက်ရောက်မှု လျော့နည်းသက်သာလာခြင်းနှင့် စပါးအထွက်နှုန်းတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးမြင့်မောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)