ကျွန်းစု မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူနာမကျန်းဖြစ်သူများအား တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့သည် ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးခဲ့ကြောင်း သိရ သည်။
ကုသပေးရာတွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး အောင်ကိုသန်း ဦးဆောင်သော ပါရဂူများ၊ ခွဲစိတ်ကုဆရာဝန်များနှင့်သူနာပြုများပါဝင်သော အဖွဲ့သည် ကျွန်းစုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာ ရေးစစ်ဆေးကုသပေးခဲ့ကြရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူးနှင့် တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးတို့မှ လှည့်လည်ကြည့်ရှု၍ လူနာများအား အားပေးစကားများ ပြောကြားခဲ့သည်။
တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့သည် မျက်စိရောဂါကုလူနာ (၇၆)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါကုလူနာ (၈၇)ဦး၊ သွားနှင့် ခံတွင်းရောဂါကုလူနာ(၈၁)ဦး၊ အရိုးရောဂါကုလူနာ (၈၃)ဦး၊ သားဖွားမီးယပ်ရောဂါကုလူနာ (၈၃)ဦး၊ ခွဲစိတ်ကုသမှုလူနာ (၈၅)ဦး၊ အထွေထွေရောဂါကုလူနာ(၂၅၅)ဦး၊ ကလေးလူနာ(၆၄)ဦး၊ စုစုပေါင်းလူနာ(၈၁၄)ဦးတို့အား အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)