မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေး မေ ၁၆

မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသောင်းနိုင်က ဖောင်ဒေးရှင်း၏ ရှေ့လုပ်ငန်းစဉ်များလျှင်မြန်စွာတိုးတက်အောင်မြင်ရေး၊ ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာအုပ်၊ စာစောင်များဖြည့်ဆည်း လှူဒါန်းပေးရေး၊ စာကြည့်တိုက်များသို့ကွင်းဆင်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ လိုအပ်သည့်ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင်များက ရပ်ကွက်စာကြည့်တိုက်၊ ကျေးရွာစာကြည့်တိုက်များသို့ ကွင်းဆင်းပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရန် အကြံ ပြုချက်များ၊ အသင်းကြီးရေရှည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် စာအုပ်/စာစောင်လှူဒါန်းပေးရန် အစရှိသည့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဖောင်ဒေးရှင်းဥက္ကဋ္ဌက စာပေညီလာခံသို့ တက်ရောက်မည့် စာရေးဆရာကြီးများအား တစ်ဦးလျှင် ထောက်ပံ့ငွေ ၃၀၀၀၀/-(ကျပ်သုံးသောင်း)စီဖြင့်(၃)ဦးအတွက် ပေးအပ်လှူဒါန်းကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)