ဘားအံမြို့ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ (၇၂) ကြိမ်မြောက် ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့် ပဲဆွမ်းလောင်းလှူပွဲကျင်းပ

ဘားအံ မေ ၁

ကဆုန်လပြည့် (ဗုဒ္ဓနေ့) သည် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားပြည်သူများ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သာသနိကအဆောက်အဦများတွင် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိရာ မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ရွှေယဉ်မျှော ပြည်တော်ဧစေတီတော်ပရိဝုဏ်၌ (၇၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့် ပဲဆွမ်းလောင်းလှူပွဲတို့ကို ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဓမ္မစကြာဝတ်အသင်းအဖွဲ့များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများက ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော်ဂန္ဓကုဋီတိုက်အား လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ပြီး ပရိဘောဂစေတီထိုက်သော မဟာဗောဓိပင်အား ညောင်ရေသွန်း လောင်းပူဇော်ခဲ့ကြသည်။

ထို့နောက် အမိတာရာမရဲကျောင်းဆရာတော်အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ဦးဆောင်၍ ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၂ ကျောင်း၊ သီလရှင်ကျောင်း ၁၃ ကျောင်းတို့မှ ဆရာတော်၊သံဃာတော်၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၁၀၀ ပါးအား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေဘဲ လွယ်ကူအဆင်ပြေ ချောမွေ့စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများက ငွေကျပ် ၂၀၃၉၆၉၀၀ (နှစ်ရာ့သုံးသိန်း ကိုးသောင်း ခြောက်ထောင်ကိုးရာကျပ် ) တန်ဖိုးရှိ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်း၊ ပဲဖြူလေး အစရှိသော ပဲအမျိုးမျိုး ၆၃၇၄ (ခြောက်ထောင်သုံးရာခုနှစ်ဆယ့်လေးပိဿာ) ကျော်ကို လောင်းလှူခဲ့ကြသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်မြစ်ကြောင်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ယာကိုင်းကျွန်းများ၌ တောင်သူများစိုက်ပျိုးထွက်ရှိသော သီးနှံများနှင့် ပဲအမျိုးမျိုးရိတ်သိမ်း ခြွေလှေ့ခူးဆွတ်ပြီးချိန်တွင် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ၌ သီးတင်းသုံး နေထိုင်တော်မူကြသော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များအား ပင့်ဖိတ်၍ ပဲဆွမ်း လောင်းလှူ ကောင်းမှုကုသိုလ်ပြုခဲ့ကြသည်မှာ ယခုအခါ (၇၂) ကြိမ်တိုင်ခဲ့ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)