မဟာပုရိသကျောက်ဂူတောရရိပ်သာတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းလောင်းလှူပွဲကျင်းပ    

ပြင်ဦးလွင်    မေ    ၁၄       

ယနေ့ သာသနာတော်နှစ် ၂၅၆၅ နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ခရစ်နှစ် ၂၀၂၂ ခုနှစ် မေလ ၁၄ ရက်၊ စနေနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နမ့်လင်းခမ်းရွာအနီးရှိ ဘော်လှိုင်တောင်တန်းပေါ်ရှိ မဟာပုရိသကျောက်ဂူတောရရိပ်သာတွင်   ဆရာတော် ဒေါက်တာဘဒ္ဒန္တကုဏ္ဍလ၏ ဦးဆောင်မှုဖြင့် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းပွဲတော်၊ ဆွမ်းလောင်းလှူပွဲနှင့် ဆီမီး  ၈၄၀၀၀ ၊ ပန်း ၈၄၀၀၀ ပူဇော်ပွဲတို့ကို ယနေ့နံနက်ပိုင်းမှ စတင်၍  အဆိုပါမဟာပုရိသကျောက်ဂူတောရရိပ်သာ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မဟာပုရိသကျောက်ဂူတောရရိပ်သာအတွင်းရှိ မဟာဗောဓိညောင်ပင်၌ ဆရာတော်ဒေါက်တာဘဒ္ဒန္တကုဏ္ဍလအမှူးပြုသော ဆရာတော်သံဃာတော်များက ဘုရားအနေကဇာတင်ခြင်း၊ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင် ဆရာကြီး၊ ဆရာလေးများ၊ ယောဂီများနှင့် ဘုရားဖူး ပြည်သူများက မဟာဗောဓိညောင်ပင်အား လက်ယာရစ်လှည့်လည်ပူဇော်၍ ပရိဘောဂစေတီ (မဟာဗောဓိညောင်ပင်) အား ညောင်ရေသွန်းလောင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များ ဆရာတော်သံဃာတော်များ၊ သီလရှင် ဆရာကြီး၊ ဆရာလေးများအား နေ့ဆွမ်းဆက်ကပ်ခြင်းများဆောင်ရွက်ခဲ့ကြပြီး ဘုရားဖူးဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းနှင့် စေတနာရှင်၊ အလှူရှင်များကလည်း မဟာပုရိသ ကျောက်ဂူတောရရိပ်သာသို့ ဘုရားဖူးလာရောက်ကြသော ဒေသခံပြည်သူများအား စတုဒိသာ နေ့လယ်စာ၊ ထမင်းဟင်း၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်ပြုခဲ့ကြကြောင်းသိရသည်။  

မဟာပုရိသကျောက်ဂူတောရရိပ်သာတွင် ယနေ့ကျင်းပသော ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန် ညောင်ရေသွန်းပွဲတော်၊ ဆွမ်းလောင်းလှူပွဲနှင့် ဆီမီး ၈၄၀၀၀ ၊ ပန်း ၈၄၀၀၀ ပူဇော်ပွဲသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ဖူးမြှော်သူ  ညောင်ရေသွန်းလောင်းကုသိုလ်ပြုသူများဖြင့် စည်ကားခဲ့ကြောင်း သတင်းရရှိသည်။ 

ခရိုင် (ပြန်/ဆက်)