မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၌ (၁၉)ကြိမ်မြောက်ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ

ပြင်ဦးလွင်   မေ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၌ (၁၉) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယနေ့နံနက် ၉ နာရီခွဲကစတင်ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး ဂန္ဓကုဋိတိုက်တော်အတွင်း၌ ဩဝါဒါစရိယ ဆရာတော်ကြီးများမှ ဘုရားအနေကဇာတင်ပြီးနောက် အခမ်းအနားကို နမောတသ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဩဝါဒါစရိယ၊ မြို့လယ်ရွှေစည်းခုံကျောင်းဆရာတော်ထံမှ (၉)ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကာလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် သြဝါဒါစရိယရတနာမာန်အောင် ကျောင်းဆရာတော်ထံမှ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာ အနုမောဒနာတရား ချီးမြှင့်တော်မူခဲ့ပြီး ဝေနေယျသတ္တဝါအပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် မဟာအံ့ထူးကံသာဘုရားကြီး အရှေ့မြောက် တနင်္ဂနွေထောင့်၊ အရှေ့တောင် အင်္ဂါထောင့်၊ အနောက်တောင်စနေထောင့်ရှိ မဟာဗောဓိညောင်ပင်များအား ဆရာတော်သံဃာတော်များမှ ညောင်ရေသွန်းလောင်းတော်မူကြပြီး ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တပ်နယ်မှအရာရှိကြီးများ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဘုရားဖူးလာပြည်သူများကလည်း မဟာဗောဓိညောင်ပင်တော်အား ရေစင်သွန်းလောင်းကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မဟာဇေယျသိဒ္ဓိသာသနာ့ဗိမာန်တော်အတွင်း၌ သြဝါဒါစရိယဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်၍ ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)