ပူတာအို မေ ၁၅
ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးကျော်မင်းခိုင်သည် ယမန်နေ့နံနက် ၉နာရီက ပူတာအိုမြို့၌ မကြာမီဖွင့်လှစ်တော့မည့် ရ၀မ်အမျိုးသားယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပြည်နယ်၀န်ကြီးသည် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်စိုးတို့နှင့်အတူ ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်ရှိ ရ၀မ်အမျိုးသားဥယျာဉ်အတွင်း မကြာမီဖွင့်လှစ်တော့မည့် ရ၀မ်အမျိုးသားပြတိုက်ဖွင့်ပွဲ ကျင်းပမည့် မုခ်ဦးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အိုးစည်အောင်မောင်းတီးခတ်ရန်ပြင်ဆင်ထားရှိမှုအခြေအနေ၊ ပြတိုက်အတွင်းလျှပ်စစ်မီးသွယ်တန်းထားရှိမှုများနှင့်ပြတိုက်အတွင်း ရှေးခေတ်ရိုးရာယဉ်ကျေးမှုအသုံးအဆောင်များ ခင်းကျင်းထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးက လိုအပ်ချက်များအားပေါင်း စပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်၀န်ကြီးနှင့်တာ၀န်ရှိသူများသည် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ တိုင်းခမ်းတီ စာပေနှင့်ယဉ်ကျေးမှုကော်မတီများနှင့်ဒေသခံပြည်သူများအားတွေ့ဆုံကာ ပြည်နယ်၀န်ကြီးက တိုင်းရင်းသားမျိုးနွယ်စုများစည်းစည်းလုံးလုံးဖြင့် မိမိ၏ယဉ်ကျေးမှုအမွေ အနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရန်လို အပ်ကြောင်းအမှာစကားပြောကြားပြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အိအိအေးက တိုင်းရင်းသားယဉ်ကျေးမှုအသင်းများတွင် လိုအပ်ချက်များကိုပွင့်ပွင့်လင်းလင်းတင်ပြစေလိုကြောင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းခမ်းတီဗဟိုစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစောနွဲ့ကြံအောင်က ပူတာအိုခရိုင်အတွင်းရှိ တိုင်းခမ်းတီကျေးရွာများ၏ပညာရေးကဏ္ဍများကိုလည်းကောင်း၊ တိုင်းခမ်းတီခရိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစောနွဲ့တင်လှက ခရိုင်အတွင်းရှိ တိုင်းခမ်းတီကျေးရွာများ၏ ဒေသ ဖွံ့ဖြိုးရေးလိုအပ် ချက်များကိုလည်းကောင်းဆွေးနွေးတင်ပြသည်။ ထို့အပြင် တက်ရောက်လာသည့် ဒေသခံပြည်သူများက တိုင်းခမ်းတီတိုင်းရင်းသားယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်ပြတိုက်အဆောက်အအုံဆောက် လုပ်ပေးနိုင်ရေး၊ တိုင်းခမ်းတီပရဟိတအသင်းမြေနေရာ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့်သောက်သုံးရေရရှိရေးတို့ကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်၀န်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွက် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်၀န်ကြီးနှင့်တာ၀န်ရှိသူများသည် မချမ်းဘော့မြို့နယ် ကောင်းမှုလုံဘုရား၀န်း အတွင်း၌ ရွှေဆံပင်ဆရာတော်နှင့်ပူတာအိုဆရာတော်များပူးပေါင်းဖွင့်လှစ်ခဲ့သော ပူတာအိုဒေသလုံးဆိုင်ရာ (၇၊၈၊၉၊၁၀)အတန်းများအတွက် ယဉ်ကျေးလိမ္မာလူငယ်တရားစခန်းသင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်၀န်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြသည်။
ထို့နောက် ပြည်နယ်၀န်ကြီးနှင့်အလှူရှင်များက ဆရာတော်များထံအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရွှေဆံပင်ဆရာတော်ထံမှအနုမောဒနာတရားတော်များကြည်ညိုနာယူကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)