ဟားခါးမြို့၊ ဇေတဝန်တောရ စာသင်တိုက်တရားဓမ္မရိပ်သာ၌  ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနားကျင်းပ

ဟားခါး  မေ ၁၅

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ ယမန်နေ့မွန်းလွဲ ၁နာရီက ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနားကျင်းပရာ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ကြွရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က သြကာသ ကန်တော့ချိုးဖြင့် ဘုရားကန်တော့ကြကာသံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ စုပေါင်း၍ ဂုဏ်တော်ကွန်ချာဂါထာ ရွတ်ဖတ်ပူဇော်ကြသည်။

ယင်းနောက် ဟားခါးမြို့၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၏ ဦးစီးပဓာနနာယက၊ ဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ (ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္ထဝါစကပဏ္ဍိတ ) အရှင်မြတ်က ရေစက်ချတရားဟောကြားပြီး အမျှပေးကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းသည်။

ထို့နောက် ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၏ ဦးစီးပဓာနနာယက ဆရာတော်၊ ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထားသည့် နေရာအလိုက် ဗုဒ္ဓအခါတော်နေ့ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)