နိုင်ငံတော်အစိုးရမှ ချီးမြှင့်တော်မူသည့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒက (ဓမ္မာစရိယ) အား ဂုဏပူဇာဂုဏ်ပြုပွဲ မိုင်းဆတ်မြို့၌ ကျင်းပပြုလုပ်

မိုင်းဆတ် မေ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ နိုင်ငံတော်အစိုးရမှ ချီးမြှင့်တော်မူသည့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒက (ဓမ္မာစရိယ) ဆရာတော်အား ဂုဏပူဇာဂုဏ်ပြုပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သဗ္ဗညုဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကာ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဉာဏောဘာသမှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏ်ပြုဩဝါဒကထာ မြွက်ကြားတော်မူခဲ့ပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦးက သာသနာရေးဆိုင်ရာ များကို လျှောက်ထားခဲ့ပြီးနောက် ဧည့်ပရိတ်သတ်အပေါင်းတို့က အောင်မင်္ဂလာတပ်ဦး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူခဲ့သည်။

ဆက်လက် နယ်မြေခံတပ်နယ်မှဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြား ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်းနှင့် အလှူရှင်တို့က နဝကမ္မနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ဓမ္မရောင်ခြည်စာသင်တိုက်မှ သီလရှင်ဆရာလေးများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ရှစ်လုံးဖွဲ့ကဗျာဖြင့် ရွတ်ဖတ်ပူဇော်ကာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒက (ဓမ္မာစရိယ)ဆရာတော်၏ ထေရုပ္ပတ္တိအား နိုင်ငံကျော်ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော် ဦးဒိန်းဒေါင်က ဖတ်ကြားပူဇော်ခဲ့သည်။

ယင်းနောက် ဒေါက်တာအရှင်နေမိန္ဒ (သာသနတက္ကသီလ ဓမ္မာစရိယ၊ B.A Buddhism, MA,Ph.D Thesis) ဆရာတော်က ဂုဏပူဇာဝန္တနာ ဂါထာတော်အားရွတ်ဖတ်ပူဇော်ပြီး မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒက(ဓမ္မာစရိယ)ဆရာတော်က မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား  နိုင်ငံတော်အစိုးရမှ ထိုက်ထိုက်တန်တန် အပ်နှင်းသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် သာသနာ့အကျိုးဆထက်တိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးပေးသည့် တပည့်ဒါယိကာ၊ ဒါယိကာမများအား ကျေးဇူးတင်ရှိပါကြောင်း သာဓနိယကထာ မြွက်ကြားတော်မူခဲ့သည်။

ထို့နောက် လှူဒါန်းမှုအစုအစုတို့အတွက် ဒေါက်တာအရှင်ဣန္ဒဝံသ (သာသနတက္ကသီလ ဓမ္မာစရိယ၊ B.A Buddhism, MA,Ph.D) ဆရာတော်ဘုရားထံမှ သာဓုအနုမောဒနာ တရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

နိုင်ငံတော်အစိုးရမှ ချီးမြှင့်တော်မူသည့် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒက (ဓမ္မာစရိယ)အား ဂုဏပူဇာဂုဏ်ပြုပွဲအား မိုင်းဆတ်မြို့နယ်၊ ကျဒယ်ရပ်ကွက်ရှိ သဗ္ဗညုဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မေလ(၅)ရက် နေ့မှစတင်၍ကျင်းပခဲ့ရာ မေလ(၁၃)ရက်နေ့ည၌ နိုင်ငံကျော်ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်ဟာသလူရွှင်တော် ဦးဒိန်းဒေါင်၊ ဦးငြိမ်းချမ်း၊ ဦးအုန်းသီး၊ ဦးကျော်ထက်နှင့် အဖွဲ့တို့က ဟာသအငြိမ့်ပဒေသာ၊ စတိတ်ရှိုးတို့ဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ပြီး မေလ(၁၄)ရက်နေ့ညတွင် ဆက်လက်ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)