ပျော်ဘွယ်မြို့နယ်တွင် ကဆုန်လပြည့်နေ့အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်စည်းကားသိုက်မြိုက်စွာကျင်းပ

ပျော်ဘွယ် မေ ၁၅

ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့မှဦးဆောင်၍ မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ သီလရှင် ဆရာလေးများအား ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပထမအကြိမ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ကဆုန် ညောင်ရေသွန်းပွဲတော်ကို မေလ(၁၄)ရက်၊ မွန်းလွဲ(၃)နာရီက ဆွဲမှန်ကျေးရွာ အနီး၊ မင်းရာမဘုရားတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာနေ စေတနာရှင် ပြည်သူများက ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်၊ စုစုပေါင်း(၁၂၀)ကျော်အား ဆွမ်းဆန်စိမ်း နှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို လောင်းလှူပူဇော်ကြသည်။

ထို့နောက် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် မင်းရာမဘုရားသို့ ဆွမ်းဆန်စိမ်းလောင်း လှူသည့် ကုသိုလ်ရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာရောက်သည့် ပြည်သူများက ဗောဓိ‌ညောင်ပင်အား ညောင်ရေ သွန်းလောင်းကာကုသိုလ်ဒါနပြုလျက်ရှိကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)