ဘားအံ မေ ၁၅
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင် ဘုရားကြီး တည်ထား ကိုးကွယ်သောနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇာသဘင် အခမ်းအနားကို မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သေဋ္ဌမာရ်အောင် ဘုရားကြီးနှစ်(၁၀၀)ပြည့်အနေဖြင့် ဆရာတော်၊ သံဃာတော် အပါး(၁၀၀) တို့က ဘုရားအနေကဇာတင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြသည်။
ထို့နောက် နှစ်(၁၀၀)ပြည့်ပူဇာသဘင် အခမ်းအနားကို ဆက်လက်ကျင်းပရာ သေဋ္ဌမာရ်အောင် ဘုရားကြီး ကန်တော့ချိုးကို ဓမ္မစင်္ကြာဝတ်ရွတ်အဖွဲ့မှတစ်ဦးက ရွတ်ဆိုပူဇော်ကန်တော့ပြီး ပြည်နယ် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့သည် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဥတ္တရ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်ချီးမြှင့်သည့် အန္တရာယ်ကင်း မေတ္တာသုတ်ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သေဋ္ဌမာရ်အောင်ဘုရားကြီးနှစ် (၁၀၀)ပြည့်အထိမ်းအမှတ် ပူဇာသဘင် အတွက် အလှူတော်ငွေကျပ် ၃၀၀၀၀၀၀(သိန်းသုံးဆယ်)ကို ဂေါပကအဖွဲ့ထံပေးအပ် လှူဒါန်းပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများဆက်ကပ်လှူဒါန်းကာ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)