ဗဟန်း မေ ၁၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ကြီးမှူးကျင်းပသည့် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် မြတ်ကြီး၏ (၃၉)ကြိမ်မြောက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်း လောင်းပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များနှင့် စေတီတော် ဝန်ထမ်းများ၊ ဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူးပြည်သူများ တက်ရောက်၍ညောင်ရေသွန်း လောင်းပူဇော်ကြသည်။
ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရင်ပြင်တော်တောင်ဘက်ရှိ ဧည့်ခံတန် ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ဆွမ်း တော်ကြီးကပ်လှူကြသည်။
ဆက်လက်၍ နံနက်၆နာရီခွဲတွင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ရွှေတိဂုံစေတီ တော်သြဝါဒါ စရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတို့အား အရုဏ်ဆွမ်းဆက် ကပ်လှူဒါန်း ကြသည်။
ထို့နောက် နံနက် ၇ နာရီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်ဗုဒ္ဓဝေယျာဝစ္စအသင်းသားများက စေတီတော်မြတ်ကြီးအား အခမ်းအနား အဆောင်အယောင်များနှင့် လက်ယာရစ်တစ်ပတ်လှည့်လည် ပူဇော်ကြပြီးနံနက် ၇နာရီ၄၅တွင် ဆရာတော်ကြီးများကမဟာဗောဓိညောင်ပင်အား ဗုဒ္ဓါဘိသေက အနေကဇာတင် တော်မူကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမ ဟာပဏ္ဍိတ သ.စ.အဓမ္မာစရိယ ပါဠိပါရဂူ၊ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ(ယောဆရာတော်)ထံမှ ဧည့်ပရိသတ် အပေါင်းတို့က ကိုးပါးသီလခံယူကြပြီး ကဆုန်လပြည့်အခမ်းအနားကျင်းပကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ပါဠိပါရဂူ ရွှေပြည်သာ ပရိယတ္တိစာ သင်တိုက် ပဓာနနာယက ဘဒ္ဒန္တနာဂိတ ဆရာတော်ထံမှရေစက်ချ တရားနာကြားကာလှူဒါန်းမှု အစုစုတို့အတွက် အမျှပေးဝေကြသည်။
ထို့နောက် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ခဲ့ကြသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် မြတ်ဗုဒ္ဓ၏မမေ့အပ်ရာနေ့ ထူးနေ့မြတ်မင်္ဂလာ အခမ်းအနားများအားလည်းကောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်များအားလည်းကောင်း ဆယ့်နှစ်လရာ သီပတ်လုံးစဉ် ဆက်မပြတ်ကျင်းပလျက်ရှိသည်။
ဆယ့်နှစ်လရာသီပွဲတော်များအနက် ကဆုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓ၏မမေ့အပ်ရာ ဗုဒ္ဓဝင်ဖြစ်တော်စဉ်အား သိရှိမှတ်သားနာယူစေခြင်း၊ မြတ်ဗုဒ္ဓ၏ ကိုယ်ပွားတော်ပရိဘောဂ စေတီတော်ဖြစ်သည့် မဟာဗောဓိညောင်ပင်အား ပူပြင်းခြောက်သွေ့သည့်နွေရာသီတွင် ညောင်ရေသွန်း လောင်းပူဇော်ခြင်း တို့ကိုရှေးယခင်နှစ်ပေါင်းများစွာကပင် ကျင်းပပူဇော် ခဲ့ကြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကဦးဆောင်၍ ဗုဒ္ဓဝေယျာဝစ္စ အသင်းများ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၏ စုပေါင်းအားဖြင့် ရင်ပြင်တော်အင်္ဂါထောင့်ရှိ မဟာဗောဓိ ညောင်ပင်တွင် ညောင်ရေသွန်း လောင်းပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပပြီးနောက် ရင်ပြင်တော်လေးထောင့်ရှိ မဟာဗောဓိပင်များတွင်လည်းရဟန်း ရှင်လူပြည်သူအပေါင်းတို့ ကဆုန် ညောင်ရေသွန်း လောင်းပူဇော်နိုင်ရန် စနစ်တကျစီမံဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။
အောင်မြင်(ပြန်/ဆက်)