ကျွန်းစု မေ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်ထူးခြားသည့် ပွဲတော်တစ်ခုဖြစ်သော ပျားရည်ဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်ပိုင်းက ထိန်ချောင်းကျေးရွာရှိ အောင်တော်မှုသာသနာ့ရိပ်သာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျားရည်ဆွမ်းလောင်းလှူပွဲတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့်ဇနီး ဒေါက်တာအေးစိုး မိသားစုနှင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးမှ အလှူရှင်များက သတ်မှတ်နေရာ၌ ပျားရည်များကို ဖလားများ၊ ချိုင့်များ၊ အလှူဆွမ်းအုပ်များတွင်ထည့်၍ စီတန်းစောင့်ဆိုင်းကြရာ ဂေါပကဥက္ကဋ္ဌက ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပင့်ဆောင်ကာ ထိန်ချောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တက္ကန္ဒေါဘာသာ(ကမ္မဌာနာစရိယ)က ဦးဆောင်၍ သံဃာတော်(၁၂၁)ပါး၊ ရှင်သာမဏေ(၃၂)ပါး၊ သီလရှင်(၁၁) ပါးတို့က စီတန်းလျက် ကြွရောက်လာရာ အလှူရှင်များက ပျားရည်များကို တတ်စွမ်းသမျှ လောင်းလှူခဲ့ကြသည်။
ထို့နောက် ထိန်ချောင်းကျေးရွာနေ ဦးမြင့်အေး + ဒေါ်သန်းရှိန် မိသားစုတို့က (၆၃)ကြိမ်မြောက် ပျားရည်ဆွမ်းလောင်းလှူ ပူဇော်ပွဲတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဘဝသုံးပါး ရေ/မီးကူညီမှုအသင်း၊ နာရေးဆောင်၊ ဆွမ်းစားဇရပ်ဝရန်တာ အစရှိသော အလှူအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)