လင်းခေး မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊လင်းခေးမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့ အထိမ်းအမှတ်(၆၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်၇နာရီက မြို့နယ်ပရိယတ္တိ စာသင်တိုက်ကျောင်း မုခ်ဦးမှစတင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လောင်းလှူသည့်ပွဲ၌ အပူဇော်ခံဘုရားဆင်းတုတော်တစ်ဆူ၊ မြို့နယ်အတွင်းရှိရဟန်း (၁၂၀)ပါး၊ရှင်သာမဏေ(၆၂၃)ပါး၊ စတုဒီတာမှကြွရောက်သံဃာ တော်(၃၀)ပါး စုစုပေါင်း (၇၇၄) ပါးတို့က ကျောင်းတော်မုခ်ဦးနေရာမှစတင် စီတန်းလှည့်လည် အပူဇော်ခံထွက်လာခဲ့ကြသည်။
ဆက်လက်ပြီး ဆရာတော်သံဃာတော်များက (လင်းခေး-ဝမ်ဟတ်-တာဆွတ်တိန်း သွားလမ်း)မြို့မလမ်းအတိုင်း ကြွရောက်လှူဒါန်းခံခဲ့ကြရာ မြို့နယ်အတွင်းရှိ စေတနာအလှူ ဒါနရှင်အပေါင်းတို့က သတ်မှတ်လမ်းကြောင်းတစ်လျှောက်အတိုင်း နေရာအသီးသီးမှ အလှူငွေများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ အချိုရည်ဗူးများ၊ သောက်ရေသန့်ဗူးများနှင့် ဆေးဝါး ပစ္စည်းမျိုးစုံ လှူဖွယ်ဝတ္ထု အစုစုတို့ကို လောင်းလှူဆက်ကပ်ခဲ့ကြသည်။
ယင်းနောက်ဆရာတော်သံဃာတော်များသည် မြို့မလမ်းမှတဆင့် တောင်ရွာရပ်ကွက်၊ အောင်မင်္ဂလာလမ်းအတိုင်း စီတန်းလှည့်လည်အလှူခံခဲ့ကြပြီးနောက် မူလစုရပ်ပရိယတ္တိ စာသင်တိုက်သုံးထပ်ကျောင်း ဆောင်ကျောင်းပုရိဝုဏ်၌ပြန်လည်ဝင်ရောက်လာကြကာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြီးဆုံး စေခဲ့သည်။
ယနေ့ကျင်းပြုလုပ်ခဲ့သော ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား လင်းခေးမြို့နယ်အနေဖြင့်နှစ်စဉ်ကဆုန်လပြည့်နေ့သို့ ရောက်ရှိလာတိုင်း မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များကကြီးမှူး၍၊ မြို့နယ် ဂေါပကအဖွဲ့၊ ရပ်ကွက်နှင့်ကျေးရွာရှိဂေါပကအဖွဲ့များ၊ မြို့မိမြို့ဖများနှင့်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက စုပေါင်းဆင်ယင်ကျင်းပလာခဲ့သည်မှာ (၆၄)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါကြောင်း အဆိုပါပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)