မိုးမိတ်မြို့နယ်တွင် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းဆုပေးပွဲနှင့်နိဗ္ဗာန်ဈေးပွဲတော် ကျင်းပ

မိုးမိတ် မေ ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာတွင်  နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းဆုပေးပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က လက်ခုပ်ပင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွှတ်ဆို၍ ဖွင့်လှစ်ခဲ့ကာ လက်ခုပ်ပင်ဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးနယကဆရာတော် ဦးပညာန္ဒထံမှ သီလခံယူဆောက်တည်ခဲ့ကြပြီး သင်တန်းမှူးဆရာတော် ဦးနာရဒါလင်္ကာရမှ ဩဝါဒစကားမိန့်ကြားခဲ့သည်။

ဆက်လက်ပြီး၂၀၁၉ ခုနှစ်က အထူးအောင်မြင်ခဲ့သော သင်တန်းသား ၊ သင်တန်းသူများနှင့် ယခုနှစ်တွင် အထူးအောင်မြင်ခဲ့သော သင်တန်းသား ၊ သင်တန်းသူများအား လက်ခုပ်ပင်ဘုန်းတော်ကြီးကျောင်းတိုက်ဦးစီးနယကဆရာတော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကောင်စီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စာအောင်ဆုနှင့်အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မေတ္တာစေတနာထား၍ သင်ကြားပေးခဲ့ကြသော သင်တန်းဆရာ၊ ဆရာမများအား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းမှ သင်တန်းသား ၊ သင်တန်းသူများအား ကံစမ်းမဲလက်ဆောင်များ ဖောက်ပေးပြီး နိဗ္ဗာန်ဈေးပွဲတော်ကို အေးချမ်းပျော်ရွှင်စွာဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူဌေး(ပြန်/ဆက်)