ဟိုပုံးမြို့တွင် ဗုဒ္ဓရုပ်ပွားတော် (၇)ဆူ အပူဇော်ခံ ကြွချီခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲသို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး တက်ရောက်

ဟိုပုံး မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ နောင်တောင်းပရဟိတကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တရာဇိန္ဒ ဦးစီးကျင်းပသည့် ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ဗုဒ္ဓရုပ်ပွားတော် ခုနှစ်ဆူအပူဇော်ခံ ကြွချီခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ နံနက်(၇)နာရီက ဟိုပုံးမြို့၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဦးစွာ နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက်မှ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအထိ ဗုဒ္ဓရုပ်ပွားတော် (၇)ဆူ အပူဇော်ခံကြွချီရာ သာသနာ့အလံတော်တင်ယာဉ်နှင့်အတူ ဗုဒ္ဓရုပ်ပွားတော် (၇)ဆူ၊ ရဟန်းသာမဏေ စုစုပေါင်း ၆၀၀ ပါး၊ သီလရှင် ၁၀၀ ပါးနှင့် လူပုဂ္ဂိုလ် ၂၅၀၀ ဦးတို့က ဓမ္မစကြာ၊ ပဋ္ဌာန်းတို့ ရွတ်ဖတ်ပူဇော်ပြီး သာသနာ့အလံများ ကိုင်ဆောင်လျက် ဟိုပုံးမြို့တွင်း စီတန်းလှည့်လည်နေမှုကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်ပါအားပေး ခဲ့ကြောင်း သိရသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအမှူးပြုသော ဧည့်ပရိသတ်သတ်တို့က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး အရှေ့ဘက် အာရုံခံ တန်ဆောင်း၌ ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ကို နမောတဿ သုံးကြိမ်ဘုရားကန်တော့ဖွင့်လှစ်ပြီး ဇောတိကာရာမဆရာတော် ဘဒ္ဒန္တစန္ဒသာရထံမှ ငါးပါးသီလဆောက်တည်ကာ ဩဝါဒခံယူပြီးနောက် သာသနာလင်္ကာရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရက ဗုဒ္ဓနေ့အကြောင်းမိန့်ကြားပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ကြပြီး၊ နောင်တောင်း ပရဟိတတပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရာဇိန္ဒက ရေစက်သွန်းချအမျှပေးဝေကာ ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ယင်းနောက် ဆရာတော်သံဃာတော်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဓမ္မစကြာအဖွဲ့၊ ဒေသခံတိုင်းရင်းသား မိဘပြည်သူများတို့က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးကို လက်ယာရစ်လည့်ပတ်ကာရာဟုထောင့်ရှိ ဗောဓိညောင်ပင်နှင့် ဗုဒ္ဓရုပ်ပွားတော်အား ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ကြကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)