လားရှိုး မေ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်းလှူပူဇော်ခြင်းနှင့်ဆွမ်းဆန်ဆိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အခမ်းအနားအစီအစဉ်(၃)ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ(အဂမဟာသဒမ္မဇောတိကဓဇ၊ အဂမဟာကမ္မဌာနာစရိယ)နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ဒေါက်တာဘဒ္ဒန္တပုညနန္ဒထံမှ (၅)ပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၊သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်ချီးမြှင့်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်တိုင်းစစ်ဌာချုပ်မှအရာရှိများ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်ဇနီး မိသားစုမှ သီရိမင်္ဂလာဓမ္မရတနာ (၃)ထပ်ကျောင်းဆောင်အတွက် အလှူငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့သည်။ ထို့နောက်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပထမပိုင်းကို ရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ (အဂမဟာသဒမ္မ ဇောတိကဓဇ၊ အဂမဟာကမ္မဌာနာစရိယ) နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ဒေါက်တာဘဒ္ဒန္တပုညနန္ဒက ဇယစက္ကမြတ်ဗုဒဘုရားရှိခိုးဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပေးခဲ့ပြီး ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ပါရမီ (၁၀)ပါး၊ အပြား(၃၀)ကျင့်စဉ်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ဆရာတော်၊ သံဃာတော်များနှင့်ဧည့်ပရိသတ်အပေါင်းတို့က ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးအမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး