မိုးကောင်း မေ ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဈေးကုန်းရပ်ကွက်ရှိ ဓါတ်ပေါင်းစု စေတီတော်ကြီးအား ရွှေထီးတော်စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပူဇော်ပွဲတွင် ပထမပိုင်းအစီအစဉ်အဖြစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို တောင်ကျောင်း၌ကျင်းပရာ နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး အလှူရှင်များနှင့် ဧည့်သည်တော်များက တောင်ကျောင်းဆရာတော်ဦးဇောတိကထံ ငါးပါးသီလခံယူတည်ဆောက်ကြသည်။
ထို့နောက် ဘုရားဒါယိကာ/ဒါယိကာမတို့က စိန်ဖူးတော်နှင့်ရွှေထီးတော်တို့အား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်တို့အား လှူဖွယ်ဝတ္ထုငွေများဆက်ကပ်ကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှဝေခဲ့ကြပြီး ရွှေထီးတော်၊ စိန်ဖူးတော် အလှူရှင်များက ဓါတ်ပေါင်းစုစေတီအား လက်ယာရစ်(၃)ပတ် လှည့်လည်ပူဇော်ခဲ့ကြသည်။ ဒုတိယပိုင်းအစီအစဉ်အဖြစ် ရွှေထီးတော်တင်လှူပူဇော်ပွဲဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော်များက ဇယန္တောဗောဓိယာအောင်ဂါထာဖြင့် ရွတ်ဆိုပူဇော်ကြပြီး အမွှေးနံ့သာများ ဖြန်းပက်ကြ သည်။
ဆက်လက်၍ ရွှေထီးတော်ကြီး၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ခေါင်းလောင်းတော်တို့အား ပထမ၊ ဒုတိယ၊ တတိယစသည့် ဘုံအစဉ်အလိုက် ပန်းရထားဖြင့်တင်လှူပူဇော်ခဲ့ပြီး ရတနာရွှေမိုး၊ ငွေမိုး ရွာ သွန်းကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုအောင်မြင်ပြီးမြောက်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)