နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၅၉)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ

နောင်ချို   မေ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၅၉) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယမန်နေ့နံနက် ကဆုန်လပြည့် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို (၁၆.၈.၂၀၀၆)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်းခုနှစ်ကျောင်းမှ သံဃာတော်အပါးတစ်ရာကျော်အား အရုဏ်ဆွမ်းများနေ့စဉ်မပြတ်လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် မေလ ၁၄ ရက်နေ့တွင် အကြိမ်ရေ (၄၈၅၉)ကြိမ် လောင်းလှူခဲ့ပြီး တောင်ရပ်ကွက်နေ အလှူရှင် ဦးကျော်တင့်မိသားစု၊ ဖခင်ကြီး ၁၅ နှစ်ပြည့်အားရည်မှန်း၍ အလှူရှင်ဦးသန်းဇော်+ဒေါ်နှင်းဆီမိသားစုနှင့်မြို့နယ်အတွင်းအလှူရှင်များမှ စည်ကားသိုက်မြိုက်စွာလောင်းလှူခဲ့ကြသည်။

အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃာဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှလှူဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာအရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ရှစ်သောင်းတိတိလှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့်နေ့များတွင် သံဒါနဆွမ်းလောင်းအသင်းမှလောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)