တာလေ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့ အတွင်း ပါဝင်သည့် လမ်းအပိုင်းမှ ပျက်စီးနေသည့် လမ်းနေရာများအား ယာဉ်အန္တရယ် ကင်းရှင်းရေးနှင့် အများ ပြည်သူ တို့ ဘေးကင်းစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် ပြန်လည်မွမ်းမံ ပြင်ဆင်နိုင်ရန် မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆင်းစစ်ဆေးရာတွင် “ ယခုကာလသည် မိုးရာသီဖြစ်၍ မိုးရွာသွန်းခြင်း ကြောင့် လမ်းများ ပျက်စီးလျက်ရှိပြီး ယာဉ်မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပေါ်လေ့ ရှိကြောင်း၊ ယခုတွင် ပျက်စီး နေသော လမ်းနေရာများ မွမ်းမံပြင်ဆင်နေပြီဖြစ်ပြီး ယာဉ်များ ဘေးကင်းစွာ မောင်းနှင် သွားလာ နိုင်ရန် အတွက် လမ်းဘေးဝဲယာများ၌ လမ်းညွှန်အမှတ်အသား၊ လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျ စိုက်ထူ ထားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း” တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ တာလေမြို့မှ တာချီလိတ် - ကျိုင်းတုံ - ကျိုင်းလပ်မြို့များသို့ သွားသည့် မြို့တွင်း လမ်းဆုံနေရာ အပါ အဝင် တာလေမြို့ လမ်းအပိုင်းရှိ ပျက်စီးနေသော အခြားလမ်းနေရာများအားလုံး မွမ်းမံပြင်ဆင် လျက်ရှိပြီး ယာဉ် မတော်တဆမှုများ အဖြစ်များသည့် နေရာများတွင် ကြိုတင်သတိပေး ချက်များအဖြစ် လမ်းညွှန် အမှတ်အသားနှင့် လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျ စိုက်ထူသွားမည် ဖြစ်ကြောင်း သိရှိရ သည်။
အောင်ကျော်မိုး (ပြန်/ဆက်)