ကျောက်တန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်တန်း စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နာယက အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင်  မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်အသုံးပြုမှုများ  အားနည်းလာသည့်အတွက် ပြည်သူများအား အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အားလုံးပူးပေါင်း ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ဆွေးနွေးပြောကြားရာတွင် ကိုဗစ်-၁၉ ကော်မတီအနေဖြင့် mask ကမ်ပိန်း လှုပ်ရှားမှုများကို (၁)ပတ်လျှင်(၂) ရက် ဆောင်ရွက်လျက်ရှိရာမှ  အရှိန်အဟုန်မြှင့်ပြီး နေ့စဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း mask တပ်ဆင်လာခြင်း မရှိသူများအား mask တစ်ခုတပ်ဆင်ပေးပြီး (၉) ခုကို ပေးလိုက်မည် ဖြစ် ကြောင်း၊ ပြီးရင် ဒဏ်ငွေ(၅၀၀) ဒဏ်ရိုက်မည် ဖြစ်ပါကြောင်း၊ ပြည်တော်ပြန်များကိုလည်း သွားရောက်ကြိုခြင်း၊ Quarantine Centre နေရာတွင် ထားရှိပေးခြင်းများ ဆောင်ရွက်နေပါကြောင်း၊ ည (၁၂:၀၀) နာရီမှ နောက်တစ်နေ့နံနက်(၀၄:၀၀) အထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုလည်း ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ညွှန်ကြားချက်အား လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ စားသောက်ဆိုင်နှင့် ဈေးအရောင်းဆိုင်များ ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးမှုတွေ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိရေးအတွက် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းပြီး ကျန်းမာရေး စစ်တမ်း ကောက်ယူမည့် အစီအစဉ်ကို အဖွဲ့များခွဲကာ စက်တင်ဘာ (၅) ရက်နေ့တွင် စတင်ဆောင်ရွက်မည် ဖြစ်ပါကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ကဏ္ဍ အလိုက် ဆွေးနွေးကြရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ နာယက အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က လိုအပ်သည်များကို ပြန်လည် ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)